Tuesday, October 5, 2021

All absurd!

 အိုင်စီစီ အတွက် နောက်ထပ် တရားခံတဦး ** 06-Oct 2021 **

(၁)
အာဏာသိမ်း ကောင်စီ မှ ဒုပြည်ထဲရေး ဝန်ကြီး နှင့် ရဲချုပ် အဖြစ် ခန့်အပ်ထားသူ သန်းလှိူင်ဆိုသူအား PDF များ ထိန်းချုပ်ထားသည့် စစ်ကိုင်း တိုင်း နှင့် မကွေးတိုင်း ‌ဒေသကြီးများကို ပြန်လည် ထိန်းချုပ် နိုင်ရန် တာဝန်ပေးလိုက်ပြီဟု သိရသည်။ ၎င်းနှင့်အတူ အိုင်စီစီ အမှုတွဲတွင် ပါဝင်လာဖို့ ရှိသူက တေဇကျော် ဆိုသူပင် ဖြစ်သည်။ လက်ရှိ စစ်တိုင်းမှုး ဖြိုးသန့် ဆိုသူအား တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး အကျယ်ချုပ် ဖြင့် ထားရှိသည်ဟု အတည်မပြုနိုင်သော သတင်းများက ဆိုသည်။
အဆိုပါ ဒေသများ ကို အင်တာနက်များ ဖြတ်တောက်ထားပြီး ဖြစ်သည့်အပြင် စစ်ကောင်စီ၏အကြမ်းဖက် တပ်များမှ စစ်ကူများ ရောက်ရှိလာနေသည်ဟု သိရသည်။
အထက်က ခိုင်း၍ လုပ်ရပါသည် ဟု ဆိုကာ အသနားခံခွင့် ရှိနေသော လူများထဲတွင် သန်းလှိုင်တယောက်တော့ ပါဝင်ခွင့် ရှိမည်မဟုတ်ပေ။ မိမိအား ပေးထားသော အလုပ် ကို စိတ်ပါလက်ပါ လို လိုလားလား လုပ်ခြင်း မလုပ်ခြင်း က အသိသာကြီးပင် ။
သန်းလှိုင် သည် ဆန္ဒထုတ်ဖေါ်ခဲ့ကြသော ပြည်သူများအား ညီအရင်းပါ မကျန် ရက်စက်စွာ သတ်ဖြတ်ခဲ့သူ ဟု နာမည်ကြီးနေသူ လည်း ဖြစ်သည်၊ CDM ဝန်ထမ်းများ နှင့် ၎င်းတို့ အလိုရှိနေသည့် လူများ၏ မိသားစုများကို ဓါးစာခံ အဖြစ် ဖမ်းဆီးထားမှုများတွင်လည်း အဓိက နေရာမှ ပါဝင်ခဲ့သည်၊ မိသားစု ပေါင်းများစွာ၏ ဘဝများကို ဖျက်ဆီးခဲ့သူ ဖြစ်၍ ၎င်း၏ မိသားစုဝင်များလည်း လက်တုန့်ပြန် တိုက်ခိုက်ခံရမည့် အရေး နှင့် ကြုံနေရပြီ ဖြစ်သည်။
စစ်ကောင်စီ အဖွဲ့သားများသည်လည်း နေ့စဉ်လို
သတ်ဖြတ်ခံနေကြရာ မိမိတို့ အလှည့် ဘယ်နေ့ရောက်မလဲဟု စောင့်စားနေရသည့် အဖြစ်နှင့် ကြုံနေရပြီ ဖြစ်သည်၊ ၎င်းတို့ အဖို့ သေရင်မြေကြီး ရှင်လျှင် ရွှေထီးဆောင်းမည် ဆိုသော မျှော်လင့်ချက်ကလေးကို ဆုတ်ကိုင်ရင်း အသက်ဆက်နေကြရသည်၊ သို့သော် ရှင်လျှင် ရွှေထီး ဆိုသည်က သန်းလှိုင် နှင့် တေဇကျော်တို့ကဲ့သို့သော လူမျိုးများ အတွက်သာ ဖြစ်သည်ကိုတော့ ရိပ်စားမိကြမည် မဟုတ်ပေ၊ သူတို့အဖို့ က အိမ်ထောင်သည် တန်းလျားထဲတွင် ကျောင်းစရိတ်၊ စားစရိတ်၊ ကလေး နို့မှုန့်ဖိုး အစရှိသည်များ နှင့် တိုက်ပွဲမကျ မခြင်း ရုန်းကန်သွားကြရမည်သာ ဖြစ်သည်။
(၂)
‌နိုင်ငံတော် အတိုင်ပင်ခံ၏ "All absurd!" ဆိုသော ပြတ်သားစွာ ငြင်းဆိုလိုက်မှု နှင့် သူမဖက်က သက်သေ ဟူ၍ တဦးတယောက်မျှ ခေါ်မည် မဟုတ်ပဲ ကိုယ်တိုင် ခုခံ ချေပသွားမည်ဆိုသော သတင်းများသည် ကမ္ဘာသတင်းမီဒီယာ များ တွင် ပါရှိလာပြီ ဖြစ်သည်။
ထို့အတွက် စစ်ကောင်စီ ၏ တရားသူကြီး၊ လုပ်ကြံသက်သေ များဖြင့် သာ တဖက်သတ် အမိန့်ချမှတ်ရတော့မည့် ဖြစ်၍ ကမ္ဘာအလည်တွင်‌ နောက်ထပ် အရှက်တကွဲ အကျိုးနည်းဖို့ နှင့် ကြုံရကိန်း ဆိုက်လာပြန်သည်။
အမေရိကန် သမ္မတ အိုဘားမားကပင် My hero ဟု ထုတ်ဖေါ်ပြောဆိုရသည့် ကမ္ဘာခေါင်းဆောင်များ၏ လေးစားခံရသော ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ အမျိုးမျိုး နှင့် လီဆယ် လုပ်ကြံနေမှုသည် လွန်စွာ အမျှော် အမြင်ကင်းမဲ့သော လုပ်ရပ်ဖြစ်သည်။
ထိုသို့ နိုင်ငံတကာ လက်ခံ ကျင့်သုံးနေသော တရားစီရင်ရေး လမ်းကြောင်းအား ပြောင်ပြောင်တင်းတင်းပင် ပမာမခန့် ပြုလာသော ၎င်းတို့ အဖွဲ့အား ကမ္ဘာပေါ်ရှိ မည်သည့် အစိုးရကမျှ တလေးတစား ဆက်ဆံခြင်း ခံရမည် မဟုတ်သည့် အပြင် ပြည်သူ တရပ်လုံး အား ထိတ်တိုက် ဆန့်ကျင်လိုက်သည့် လုပ်ရပ်ကို ကျုးလွန်လိုက်ခြင်းသာ ဖြစ်သည်။
ဤသည်က ဒေါ်အောင်ဆန်းစုကြည် ပေးလိုသော
မက်ဆေ့ပင်၊၊ အာဏာသိမ်း အဖွဲ့သည် အပြစ် မရှိသော သူမအတွက် မည်သို့မျှ သိက္ခာရှိသော တရားခွင်တခု ဖန်တီးနိုင်မည် မဟုတ်သည်ကို ကောင်းစွာ သိထားသူဖြစ်သည်။ သူမသာ တရားရင်ဆိုင်ခြင်း မရှိက နိူင်ငံတကာ အနေဖြင့် သို့လော သို့လော ဖြစ်နိုင်ပေသေးသည်။ ယခုတော့ kangaroo court လံကြုတ်တရားးခွင် ဖြစ်ကြောင်း လက်တွေ့ကျကျ တင်ပြနိုင်ခဲ့ပြီဖြစ်သည်။ တကမ္ဘာလုံးကလည်း နိုဘဲငြိမ်းချမ်းရေး ဆုရှင်တဦး အပေါ် ဘာဆက်လုပ်မည်လဲ ဆိုသည်ကို စိတ်ဝင်စားစွာ ‌စောင့်ကြည့်ရမှန်း သိလာကြပြီ ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံသည် အောက်တိုဘာ ၂၆ ရက်နေ့တွင် ကိုယ်တိုင်‌ လျှောက်လှဲချက် တင်သွင်းမည် ဖြစ်သည်ဟု သိရသည်။
ထိုသို့သော လုပ်ရပ်မျိုးကို ပါးရည်နပ်ရည် ရှိသော ဗိုလ်သန်းရွှေသည် ကျူးလွန်ဖို့ စိတ်ကူးထဲတွင် မထည့်ရဲ‌ခဲ့ပေ၊ နောက်ဆုံး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လွှတ်ရမည့် အရေး ကြုံလာ၍ ယက်တော နှင့် အမှုဆင်ခဲ့ရခြင်းမျိုးသာ ရှိသည်။ ၎င်းတို့၏ ရွေးကောက်ပွဲ သည် အလိမ်အညာ များဖြင့် ပြီးဆုံးသွားခဲ့ပြီဟု တကမ္ဘာလုံး က ဆူညံစွာ ဝေဖန် ပြောဆိုလာနေကြ၍ အရှက်တကွဲ ဖြစ်လာနေမှုကို သက်သာလို သက်သာငြား ဒေါ်အောင်ဆန်းစုကြည်အား တပတ်အတွင်း ပြန်လွှတ်ပေးခဲ့ရသည်။
မင်းအောင်လှိုင်တို့ လင်မယား၏ အညိုးကား ကျိုးကြောင်း ဆီလျှော်စွာ သုံးသပ်နိုင်မှု ကို ကျော်လွှားသွားခဲ့ခြင်းပင် ဖြစ်သည်၊ ၎င်း၏ အဖွဲ့လုံးသည်လည်း မပြောရဲ၍ ကြည့်နေရသည်၊ အားလုံးလည်း သေနတ်တချက် မဖေါက်ရသေးခင်မှာပင် ဝေါ်ကီတော်ကီ အမှုဖြင့် ပြည်တွင်း ပြည်ပတွင် သိက္ခာကျဆင်းသွားရပေတော့သည်။
လွတ်လပ်ရေး ရပြီး နောက်ပိုင်း လူထု ထောက်ခံမှု အရဆုံး၊ အင်အား အကြီးမားဆုံး ပျောက်ကြားတော်လှန်ရေး ကြီး နှင့် မင်းအောင်လှိုင် ၏ အဖွဲ့ ရင်ဆိုင်နေရပြီ ဖြစ်သည်။
စက်တင်ဘာလ အတွင်း ဧရာဝတီ တိုင်း နှင့် ရခိုင်ပြည်နယ်က လွဲ၍ တနိုင်ငံလုံးတွင် ကျဆုံးသော စစ်ကောင်စီ တပ်သား ၅၃၉ ဦး ရှိကြောင်း ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။
သို့သော် မင်းအောင်လှိုင်သည် ၎င်းသည် သာသနာပြု မင်းကောင်းမင်းမြတ် ဖြစ်ကြောင်းကို အခွင့်ထူးခံ သင်္ကန်းခြုံများ နှင့် ပေါင်းကာ လုပ်ကြံ မှိုင်းတိုက်ရန် ကြိုးစားနေဆဲပင် ဖြစ်သည်။
တော်လှန်ရေးကြီး အောင်ရမည်!!!
လှစိုးဝေ

Tuesday, June 8, 2021

When We Will Win ....

ဖြစ်လာမယ်လို့ ပြောတာမဟုတ်၊ မအလတို့ရဲ့ ဖေဖော်ဝါရီကတည်းက အခုထိ တစိုက်မတ်မတ်သွားနေတဲ့ ဗျူဟာ ကို ပြောချင်တာရယ် ...

သြဇီနဲ့ စကားပြောတော့ ဒုချုပ်စိုးဝင်း က ပိတ်ဆို့မှုတွေကို အလေးမထားဘဲ အရင်ကလည်း အတွေ့အကြုံရှိခဲ့သလို မိတ်ဆွေနိုင်ငံအချို့နဲ့ပဲ ရှေ့ဆက်သွားမယ်လို့ ပြောလိုက်တယ်။ ကမ္ဘာမှာ အဲဒီလိုနိုင်ငံကို တံခါးပိတ်ဝါဒ ကျင့်သုံးတဲ့ အထီးကျန် နိုင်ငံတွေလို့ ခေါ်တယ်။ အထင်ရှားဆုံးကတော့ မြောက်ကိုရီးယား ပေါ့။
မနေ့က ကျုံပျော် ဖြစ်စဉ်ကို အာဆီယံက အဖွဲ့တွေရောက်နေချိန်မှာကို ဖြစ်တယ်၊ သတင်းကလည်း ကမ္ဘာကိုတန်းပြန့်တယ်။ အခုလည်း ဒီမောဆိုမှာ ဘုရားရှိခိုးကျောင်း ကို လက်နက်ကြီးနဲ့ထုတယ်၊ စာသင်ကျောင်းလို နေရာမျိုးတွေ မီးရှို့တယ်။ အဓိပ္ပာယ်က UN/US/EU မပြောနဲ့ အနီးဆုံး သူ့ကို ကာကွယ်ပေးနေတဲ့ အာဆီယံဆီကတောင် Legitimacy ရဖို့ သိပ်ဂရုမစိုက်ဘူး ဆိုတဲ့သဘောပဲ။
NLD ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်တယ် ဆိုတာ သက်သေပြဖို့ မဲစာရင်း အတုတွေ လုပ်ပြီးပြီလို့ သိရတယ်။ ပြီးရင် NLD ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ချမယ်။ NLD ကို ဖျက်သိမ်းမယ်၊ ပြီးရင် ၂၀၀၈ ခြေဥကို လိုသလောက်ပြင်မယ်၊ ရွေးကောက်ပွဲကို PR စနစ်ပြောင်းမယ်။ ပြီးရင် PR ရွေးကောက်ပွဲကို YMBA ကနေဖြစ်ဖြစ် ဝင်ပြီး သမ္မတနေရာကို ကူးမယ်။ ဒါ သူတို့ Road Map ...
မအလ ဟာ ဒီရက်ပိုင်း ဆပ်ပြာလိုမျိုး ပြည်တွင်းထုတ်ကုန်တွေ ထုတ်တာ ကို လိုက်ကြည့်တယ်။ အရင်ရက်က ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ နို့မှုန့် တွေကို မြဝတီဘက်ကနေ အဝင်ပိတ်တယ်။
⁉️ ဘာကြောင့်လဲ? တကယ်တော့ မြန်မာစစ်တပ်ဟာ ၂၀၁၀-၂၀၂၁ ကြားကာလနဲ့ ဒီမိုကရေစီ ခေတ်မှာ နိုင်ငံခြားငွေကို အင်တိုက်အားတိုက် သုံးခွင့်ရခဲ့တယ်။ အခု အထီးကျန် နိုင်ငံဖြစ်ပြီဆိုရင် အရှားပါးဆုံးဟာ နိုင်ငံခြားငွေပဲ၊
အဲဒီတော့ နိုင်ငံခြားငွေ ကို စစ်ရေးအတွက်၊ သူတို့ အကျိုးစီးပွား အတွက် ဆက်သုံးရမယ်။ အဲဒီတော့ ပြည်သူတွေကိုအသုံးလျှော့ ပစ်မှာ။ အဓိက ငွေကုန်တာ စွမ်းအင်ကဏ္ဍ အဲဒီတော့ လောင်စာဆီ ကို မကြာခင် ကန့်သတ်လာလိမ့်မယ်။ ဆိုလိုတာ ခင်ဗျားမှာ ပိုက်ဆံရှိလည်း ခွဲတမ်းနဲ့ပဲ ဝယ်ရလိမ့်မယ်။ ATM တန်းစီသလို ဓာတ်ဆီထုတ်ဖို့ တန်းစီချင် စီရမယ်။ ATM လိုပေါ့ ခင်ဗျား တန်းမစီချင်ရင်၊ များများ သွားချင်ရင် မှောင်ခို ဝယ်ရမယ်။ ဆီမှောင်ခိုတွေ ပေါ်လာမယ်။
အခု ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး စားနေ၊ ဝတ်နေတာတွေက $ နိုင်ငံခြားငွေ အရမ်းကုန်တယ်၊ အဲဒါကြောင့် Import သွင်းကုန်တွေကို တစ်ခုပြီး တစ်ခု ကန့်သတ်လိမ့်မယ်။
ပြီးရင် ပြည်တွင်းဖြစ်ကို အားပေးပါ ဆိုတာပြန်လာမယ်။ အဲဒီတော့ စားသုံးသူ အခွင့်အရေးပျောက်လာမယ်။ Product/ Service ရွေးချယ်ခွင့် မရှိတော့ဘဲ ကောင်းကောင်းညံ့ညံ့ သုံးရလိမ့်မယ်။
တကယ့် နိုင်ငံတကာ MNC တွေက အခုအခြေအနေကြည့်နေတာ၊အကယ်၍ SAC အာဏာတည်မြဲပြီဆို သူတို့ အစိုးရ က Sanctions တွေနဲ့ထုမှာ၊ ထုံးစံအတိုင်း Coca Cola, Heineken, KFC ... တွေက ပြန်ထွက်သွားမှာ။
အဲဒီမှာ Marketing Industry တစ်ခုလုံးပြိုဆင်းသွားမယ်။ ဘာလို့လဲ ဆိုတော့ Marketing ဆိုတာက ယှဥ်ပြိုင်ဈေးကွက် ရှိမှ လုပ်ကြတာ။ ကောင်းကောင်းညံ့ညံ့ သူ့ပစ္စည်းပဲ သုံးစရာရှိရင် ဘယ်သူမှ Service/ Marketing မလုပ်ဘူး၊
အဲဒီမှာ Digital Markeing ပညာရပ်တွေ၊ Offline Marketing တွေ မလိုတော့ဘူး၊ နိုင်ငံတကာ Billboard တွေနေရာမှာ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ/ ပြည့်အင်အားဟာ ပြည်တွင်းမှာသာ ရှိသည် စတာတွေပဲ နေရာယူလာလိမ့်မယ်။
အခု ပညာတတ်ဆိုတဲ့ White-Collar လူတန်းစား အများစု ဝင်ငွေ/ အလုပ်အကိုင်အခွင့်အလမ်း ၇၀% လောက် ပျောက်သွားမယ်။ လူတန်းစေ့ ပြန်နေချင်ရင် နိုင်ငံခြားပြန်ထွက် ကြရလိမ့်မယ်။
မြန်မာပြည်မှာ တကယ်ငွေသုံးတာ အဲဒီလူတန်းစား၊ သူတို့ဆီက cashflow ရပ်ပြီဆို ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်တွေ၊ Online Shopping တွေ အကုန်မျိုးကန်းသွားမယ်။ ငွေ မသုံးနိုင်တော့ဘူးလေ။ အစစ အရာရာ ခြိုးခြံချွေတာမှ ဆိုတဲ့ ဘဝ ကို ခင်ဗျားနေ့စဥ် သွားရမယ်။
Personal Development, Entrepreneur စွန့်ဦးတီထွင် ဆိုတာတွေ အကုန်လစ်၊ တတ်ဖို့ထက် "ကပ်" ဖို့ပဲ လိုတဲ့ခေတ်မှာ ပညာရှင်/ ပညာတတ်တွေ မရှင်သန်နိုင်ဘူး။ အဲဒီအတွက် MBA လို Higher Level Education တွေလည်း ဈေးကွက်ပြောက်သွားလိမ့်မယ်။
အထည်ချုပ်လို အရေးပါတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု တွေ ပိတ်ပြီးထွက်လိမ့်မယ်။ ဆင်းရဲမွဲတေမှု က တွန်းပို့ရင် ဘာတွေ ဆက်ဖြစ်မလဲ သိချင် အခုပါရမီလမ်းပေါ် သွားကြည့်၊ မြင်ရခဲသွားတဲ့ ပြည့်တန်ဆာ လုပ်ငန်း လမ်းပေါ်အပြည့် ပြန်ရောက်နေပြီ။
မအလ ဟာ အဲဒီလမ်းကို တကယ်သွားနေတာနော်၊ အလုံးစုံ ပျက်သုဉ်းရေး၊ အထီးကျန် နိုင်ငံ တကယ်သွားနေတာ။
⁉️ အဲဒီတော့ ဖြစ်နိုင်လား သူအောင်မြင်နိုင်လား? ဆိုရင် လုံးဝ မဖြစ်နိုင်ဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ကန့်သတ် ဒီမိုကရေစီ နဲ့ ၁၀ နှစ်ပွင့်လင်းထားတဲ့ နိုင်ငံကို ချောက်ထဲပြန်ဆွဲချလို့ မရဘူး။
အလုပ်လက်မဲ့ဖြစ်တဲ့သူဖြစ်၊ ငတ်တဲ့သူငတ် ဖြစ်လာရင် သူသေကိုယ်သေ ထချတဲ့နေ့ ရောက်လာမှာပဲ။
ဒါပေမယ့် နွေဦးတော်လှန်ရေး ဟာ ဖြစ်နိုင်ချေနှစ်ခုတော့ ရှိတယ် ...
1️⃣ အာဏာရှင်အောက် ရသမျှလည်ပတ်ကြည့်မယ် ဆိုပြီး တော်လှန်ရေး ကို လျှော့တဲ့သူများရင် တော်လှန်ရေး အောင်မြင်ဖို့ အရမ်းကြာသွားမယ်။
သို့မဟုတ်
2️⃣ NUG, PDF လည်း အချိန်တန် အားနည်းပျောက်ကွယ်သွားလိမ့်မယ်။ နောက်ဆုံး ဘယ်လိုမှ မခံနိုင်လို့ ငတ်တဲ့ တစ်နေ့ကျ ထချကြဦး မှာပဲ။ အဲဒီကျမှ ဆိုရင် အထိအခိုက် အကျအဆုံး ဒီထက် အများကြီးပိုများလိမ့်မယ်။
NUG ရော၊ ပြည်သူရော လုပ်လို့ရသမျှ အကုန်အခုအချိန် အားထည့်ပြီး လုပ်ရင် တော်လှန်ရေးဟာ အောင်မြင်နိုင်ချေ၊ အထိအခိုက် နည်းနိုင်ချေ အများဆုံးပဲ။
တော်လှန်ရေး က လုပ်တဲ့သူတွေ လုပ်လိမ့်မယ်၊ တော်လှန်ရေး အောင်မြင်ရင် အဆင်သင့်ဖြစ်အောင် ဆိုပြီး ကိုယ့်အတ္တတစ်ခုတည်းနဲ့ Personal Development နဲ့ ကိုယ့် စီးပွားရေး ကိုပဲ လှိမ့်လုပ်နေတဲ့သူတွေ ရှိလာပြီ။
အဲဒီလိုလူတွေ များလာရင် တော်လှန်ရေးဟာ မှုန်ဝါးသွားလိမ့်မယ်။
အဲဒီကျရင် မအလ ပေးတဲ့ ဒုက္ခတွေဟာ ကိုယ့်အိမ်တံခါးဝ ရောက်လာမှာပဲ၊ နေသာသလို နေရင်း တော်လှန်ရေးကြီး ဘယ်တော့ အောင်မြင်မှာလဲ Facebook ပေါ် တက်ရှာနေလို့တော့ မရဘူးရယ် ... ။

Credit : t.me/CJ22222 @ June2021


Sunday, May 30, 2021

ကျနော်ရဲ့ စရိုက်က ရှေ့ တန်းကလုပ်ရမယ့် သူတယောက် မဟုတ်ဘူး

 

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် လွန်ခဲ့သောလအနည်းငယ်အထိ လူငယ် စီးပွားရေး သမားတဦး ဖြစ်ခဲ့သည့် သူရိန်၏ အသံတွင် နာကျည်းမှုများ ရှိနေသည်။

ယခုအခါ သူက တိုင်းပြည်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖေဖော်ဝါရီလ အတွင်းက ဖြုတ်ချခဲ့သည့် ရက်စက်သော မြန်မာစစ်တပ်ကို ဆန့်ကျင်သည့် မြေအောက်ခုခံရေး အဖွဲ့အစည်းတခု တွင်ပါ ဝင်နေသည်။

သူ၏ လျှို့ဝှက် ရဲဘော်များက ပြုလုပ်ခဲ့သည့် လုပ်ကြံ သတ်ဖြတ်မှုတခု အကြောင်း ပြောပြနေသည်။ encrypt လုပ်ထားသော application မှ တဆင့် ကျနော်နှင့်စကားပြောရာတွင် သူရိန် (သူသုံးသော အမည်ဝှက်) က အသေးစိတ် ပြောရန် ဆန္ဒမရှိခဲ့ပါ။ သူ၏ ယေဘူယျလုပ်ဆောင်မှု အကြောင်းနှင့် လျှို့ဝှက်ကွန်ယက်တခု တည်ဆောက်ရာတွင် ကူညီရန် မည်သို့ ဖြစ်လာခဲ့သည်ကိုသာ သူပြောခဲ့သည်။

စစ်အာဏာ မသိမ်းမီ အသက် ၃၀ နီးပါး ရှိပြီဖြစ်သော သူရိန်က ထိုင်းနယ်စပ်အနီးမှ ပဋိပက္ခများ ဖြစ်ပွားနေသော ဒေသတခုတွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ဘာသာပြန် လုပ်ငန်းနှင့် ဆော့ဖ်ဝဲ ကုမ္ပဏီတခု အပါအဝင် စီးပွားရေးလုပ်ငန်းများစွာ ရှိသည်။


 စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အာဏာရှင်စနစ် အသစ်ကို ဆန့်ကျင်၍ ဒီမိုကရေစီပြန်လည်ထူထောင်ရေးကို တောင်းဆိုသော အကြမ်းမဖက်သည့် ဆန္ဒပြလှုပ်ရှားမှုတခုက တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။ စစ်အစိုးရက ကလေးများအပါအဝင် ရာနှင့်ချီသော ဆန္ဒပြသူ များနှင့် ဘေးမှကြည့်နေသူများကို သတ်ဖြတ်ခြင်းနှင့် ထောင်နှင့်ချီသော သူများကို ထိမ်းသိမ်းခြင်း သို့မဟုတ် ဖမ်းဆီးခြင်း တို့ဖြင့် တုန့်ပြန်ခဲ့သည်။

 

အစပိုင်းတွင် သူရိန်က ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ စည်းရုံးနိုင်မှု စွမ်းရည်အရ နောက်ကွယ်မှ အလုပ်လုပ်ရန် ပိုမို သင့်တော်လိမ့်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ပြီးခဲ့သည့်လက Insight Myanmar Podcast နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး တခုတွင် သူက “ကျနော်ရဲ့ စရိုက်က ရှေ့ တန်းကလုပ်ရမယ့် သူတယောက် မဟုတ်ဘူး” ဟု ပြောခဲ့သည်။ “ကျနော့်အရည်အချင်းက နည်းဗျူဟာ ဆိုင်ရာ ချဉ်းကပ်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့ လူတွေကို စိတ်ဓာတ်မြှင့်တင်ပေးမှု ပိုဆန်ပါတယ်။”

သူရိန်က သူ၏ ဖွဲ့စည်းပုံ အကြောင်း ကျနော့်ကို ပြောပြသည်။ သူက အဖွဲ့ ဝင် ၅၀ ခန့်ရှိသော လျှို့ဝှက်အဖွဲ့တခုနှင့် အလုပ်လုပ်သည်။ ၎င်းတို့က ရန်ကုန် ဧရိယာအတွင်းရှိအခြား ကလပ်စည်း ၈ ခုခန့်နှင့် ပူးပေါင်း ဆောင်ရွက်သည်။ အဆိုပါ အဖွဲ့များသည် အာဏာသိမ်းမှု ဆန့်ကျင်ရေးအဖွဲ့များက ပူးပေါင်းဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၏ တရားဝင် အစိုးရ အဖြစ် အခိုင်အမာ ပြောကြားထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်တပ်အနေဖြင့် မေလ အစောပိုင်းတွင် ဖန်တီးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ အထူးလုပ်ငန်းအဖွဲ့ အစိတ်အပိုင်းတခု ဖြစ်လာခဲ့သည်ဟု သူက ပြောသည်။

စစ်တပ်က ဖြုတ်ချခံလိုက်ရသည့် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော နိုင်ငံရေး ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်နေသည့် NUG က PDF ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအမျိုးမျိုးနှင့် အဓိက နိုင်ငံရေး အတိုက်အခံများ ပူးပေါင်းရန် ကြိုးစားမည့် ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေး ဖြစ်သည်ဟု ဆိုထားသည်။ (ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ချုပ်နှောင်ထားပြီး ထောင်ဒဏ် တသက်တကျွန်းအထိ အပြစ်ပေးခံရနိုင်သည့် စွဲချက်များစွာဖြင့် ရင်ဆိုင်နေရသည်။) သူရိန်၏ အဆိုအရ ယခုအခါ သူ့အဖွဲ့ သို့ ဝင်ရန် ကြိုးစားနေသူ ၂၅၀ ခန့်ရှိကြောင်း သိရသည်။ သို့သော် သူနှင့် သူ၏ လုပ်ဖော်ကိုင်ဘက်များက မည်သူကို ခွင့်ပြုရမည်ဆိုသည်ကို စစ်ဆေးရန် အလွန်ဂရုစိုက်ကြသည်။

လက်ရှိတွင် သူတို့၏ အဓိကရည်ရွယ်ချက်မှာ စစ်တပ်နှင့်ရဲများက ရပ်ကွက်အုပ်ချုပ်ရေးရုံးများကို ထိန်းချုပ်မှုရယူခြင်းမှ တားဆီးရန် ဖြစ်သည်။ ရပ်ကွက်ရုံးများသည် ရပ်ကွက်များအတွင်း ကြီးမားသော သြဇာလွှမ်းမိုးမှုရှိသည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ဖြစ်သည်။ မြန်မာဥပဒေများအရ အဆိုပါ ရုံးများသည် ၎င်းတို့၏ စီရင်ပိုင်ခွင့် နယ်မြေအတွင်း နေထိုင်သော ပြည်သူများ စာရင်းကို ထိန်းသိမ်းခြင်း၊ သူတို့၏ နေအိမ်များကို ခြေရာခံခြင်းနှင့် လူတဦးချင်း အိမ်ထောင်စု တခုချင်းနှင့် ပတ်သက်သည့် ကျယ်ပြန့်သော သတင်းအချက်အလက်များကို ထိန်းသိမ်းခြင်းများ ပြုလုပ်သည်။ အဆိုပါ အချက်အလက်များက မည်သူက မည်သည့်နေရာတွင် နေထိုင်သည် ဥပမာအားဖြင့် တိုက်ခန်းတခန်းတွင် မိဘနှစ်ပါးနှင့် ကလေးသုံးယောက်ရှိသည် အစရှိသဖြင့် ဖော်ပြနေသည်။ ထိုသတင်းအချက်အလက်များထဲ အဆောက်အဦးအတွင်း နေထိုင်သူ တဦးချင်းစီ၏ အသက်အရွယ်၊ လူမျိုးနှင့် ဘာသာတို့ ပါဝင်သည်။

သူရိန် ရှင်းပြသည့် အတိုင်းဆိုလျှင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ က ထို အချက်အလက်များကို ရယူသွားနိုင်ပါက ၎င်းတို့အနေဖြင့် ပြည်သူလူထုကို ခြေရာခံခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း ပြုလုပ်နိုင်မည် ဖြစ်ပြီး နိုင်ငံရေး အတိုက်အခံများနှင့် ဆန့်ကျင် သူများကို ပိုမို ထိရောက်စွာ တားဆီး နှောက်ယှက်နိုင်မည်ဖြစ်သည်။ “အဲဒါက ပြည်သူတွေကို ပုန်းအောင်းဖို့ ပိုပြီး ခက်ခဲစေတယ်။ ” ထို့ကြောင့် သူ၏အဖွဲ့ က လုံခြုံရေးတပ်ဖွဲ့များ ထို ရုံးများကို လွှဲပြောင်း ယူခြင်းမှ ကာကွယ်ရန် ရည်ရွယ် ထားသည်။ “ ရပ်ကွက်ထဲက လူတွေကို စစ်တပ်နဲ့ ရဲတွေအတွက် အလုပ်မလုပ်ဖို့ ကျနော်တို့ သတိပေးတယ်” ဟု သူက ပြောသည်။ “အုပ်ချုပ်ရေးကို စစ်တပ်က ထိန်းချုပ်မထားဘူး ဆိုတာ ကျနော်တို့က သေချာစေချင်တယ်။ ရပ်ကွက် အုပ်ချုပ်ရေးကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်။”

ရပ်ကွက်ရုံးများရှိ သတင်းအချက်အလက်အများစုက စက္ကူ ပေါ်တွင် မှတ်သားထားခြင်း ဖြစ်သည်ဟု သူကထောက်ပြသည်။ ထိုအချက်အလက်များအား စစ်တပ်က ရယူခြင်းမှ ကာကွယ်ရန် ရုံးအများအပြား ဗုံးခွဲခြင်း သို့မဟုတ် မီးရှို့ ခံရခြင်းများ ဖြစ်ပွားခဲ့သည်ဟု သူကဆိုသည်။

သူရိန်၏ အဖွဲ့ အတွက် နောက်ထပ် အဓိက ပစ်မှတ်မှာ စစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့သို့ သတင်းအချက်အလက်များ ပေးသည့် သတင်းပေးများ ဖြစ်သည်။ “ အဲဒီအပိုင်းက ရှုပ်ထွေးပါတယ်” ဟု သူရိန်က ပြောသည်။ “သူတို့က တကယ်ကို သတင်းပေးတွေလားဆိုတာကို ကျနော်တို့က သက်သေအထောက်အထားရှာရ ပါတယ်။ သူတို့က လူတွေအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ အထောက်အထားရှိမှသာ ကျနော်တို့ လှုပ်ရှားပါတယ်။”

များသောအားဖြင့် သူနှင့် သူ့၏ ရဲဘော်ရဲဘက်များက သတင်းပေးများ သို့မဟုတ် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သူ များကို စည်းရုံးရေးအပေါ် ၌ အားထားသည်ဟု သူက ပြောသည်။ “ကျနော်တို့က သူတို့ကို သုံးလေးကြိမ်လောက် သတိပေးပါတယ်။ ကျနော်တို့က သူတို့ကို အဲဒီဧရိယာကနေထွက်သွားခိုင်းတယ်။” တခါတရံမှာ တွင် သူတို့က သူတို့၏ ပစ်မှတ်များထံသို့ စာပို့ခြင်း သို့မဟုတ် ရုံးများတွင် သတိပေးစာကပ်ခြင်းများ ပြုလုပ်သည်။ “ဒီ ဧရိယာက ပြည်သူတွေက မင်းတို့ကို ဒီမှာ မလိုချင်ဘူး လို့ ကျနော်တို့ပြောတယ်။ မင်း ထွက်သွားသင့်တယ်” ဟု သူက ထပ်ပြောသည်။ “ကျနော်တို့ က ဘယ် သူ့ကိုမှ မသတ်ချင်ပါဘူး။ ပြီးတော့ ကျနော်တို့ လုပ်သမျှ အကြိမ် အားလုံးနီးပါး အောင်မြင်ခဲ့ပါတယ်။” သို့သော်လည်း “တကယ်လို့ သူတို့က သဘောမတူဘူး ဆိုရင် ကျနော်တို့က ဖယ် ရှားပစ်တယ်”ဟု သူက ပြောသည်။

၎င်းမှာ မည်သို့ ဆိုလိုပါသနည်း။ တိကျသော ခြိမ်းခြောက်မှု တခုလား။ အကယ်၍ သူတို့၏ ပစ်မှတ်များကို ဆွဲဆောင်၍ မရလျှင် မည်သို့ ဖြစ်မည်နည်း။ သူရိန်က နောက်ထပ်ပြောပြရန်တွန့်ဆုတ်နေသည်။ “ကျနော်တို့ နောက်တဆင့်ကို သွားရမယ်” ဟုသာ မှတ်ချက်ပေးသည်။

ထို့နောက် သူက အကြောင်းအရာ ပြောင်းလိုက်ပြီး သူ့ ကလပ်စည်း၏ လုပ်ငန်းသည် သူနှင့် အခြားသူများက ယုံကြည်ထားသည့် စစ်တပ်နှင့် အတိုက်အခံများ ကြားတွင် ဖြစ်လာတော့မည့် ပြည်တွင်းစစ်အတွက် ပြင်ဆင်နေခြင်းဖြစ်သည် ဟု မှတ်ချက်ပြုခဲ့သည်။ “အဲဒါ ဖြစ်လာခဲ့ရင် ကျနော်တို့က စစ်တပ်နဲ့ ရဲနဲ့ အတူ အလုပ်လုပ်တဲ့သူတွေ မြို့နယ်တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့ တွေ အတွက် အလုပ်လုပ်နေတဲ့သူတွေ နည်းစေချင်တယ်။”

သူ့အဖွဲ့က စစ်တပ်နှင့် ရဲကို တိုက်ရိုက်တိုက်ခိုက်ရန် စတင် စီစဉ်နေသည်ဟု သူက ကျနော့်ကိုပြောသည်။ လတ်တလောတွင် မဟုတ်နိုင်သော်လည်း မကြာမီ ဖြစ်ကောင်းဖြစ်လာလိမ့်မည်။ ထိုလမ်းကြောင်းအတွက် သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များတွင် မရှိသေးသော လက်နက်များနှင့် လေ့ကျင့်မှု လိုအပ်သည် ဟု သူကဆိုသည်။ အကယ်၍ သူတို့က ယခုအချိန်တွင် စစ်တပ် နှင့် ရဲကို တိုက်ရိုက်တိုက်ခိုက်မည်ဆိုပါက “ကျနော်တို့ အနိုင်ရနိုင်တဲ့ အခွင့်အလမ်းက အလွန်နည်းပါးတယ်” ဟု သူကမှတ်ချက်ချသည်။ သို့သော်လည်း သူ၏အဖွဲ့က အခြားသူများကဲ့သို့ပင် ယခုအခါ ရိုင်ဖယ်နှင့် သေနတ်များ အပါအဝင် လက်နက်များ စုဆောင်းရန် စတင်နေပြီဖြစ်သည်။

သူတို့က လက်နက်အချို့ကို နယ်စပ်မှ ရန်ကုန်သို့ မှောင်ခိုတင်သွင်းခဲ့ပြီး NUG က လာမည့် ရက်သတ္တပတ်များအတွင်း ၎င်း၏ တပ်ဖွဲ့ကို မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ PDF မှ ကိုယ်စားလှယ်များက သူတို့အဖွဲ့အား စစ်တပ်ကို တိုက်ခိုက်ရန် စတင်မည့် အချိန်ဇယား ပေးခဲ့သည်ဟု သူကပြောသည်။ ထိုအချက်အလက်က လျှို့ဝှက် ဖြစ်သည်။

သူရိန်၏ အဆိုအရ မေလလယ်တွင် သူ၏ အဖွဲ့ဝင် ၂ ဦး အဖမ်းခံခဲ့ရသည်။ မြေအောက်လှုပ်ရှားမှုများကြောင့် မဟုတ်ဘဲ လူထုဆန္ဒပြပွဲများတွင် ပါဝင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အဖွဲ့ဝင်များကို ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မည်သည့် အဖွဲ့ဝင်မဆို ဖမ်းဆီးခံရခြင်းက အဖွဲ့တခုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုဖမ်းဆီးမှုများ နောက်ပိုင်းတွင် ရဲအဖွဲ့က သူတို့အဖွဲ့အပေါ် အရေးယူ ဆောင်ရွက်မှုများပြုလုပ်ခဲ့ခြင်းက သူရိန်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များကို ဖမ်းဆီးခံထားရသူ ၂ ဦးက နှိပ်စက်ညှင်းပန်းခြင်း ခံရပြီး သူတို့ အဖွဲ့နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပေးခဲ့သည်ဟု ကောက်ချက်ချရန် ဖြစ်စေခဲ့သည်။ (အခြား သော ထိန်းသိမ်းခံရသူများက သူတို့ကို ထိန်းသိမ်းထားစဉ် ညှင်းပန်းနှိပ်စက်မှုကို ထုတ်ဖော် ပြောဆိုခဲ့ကြသည်။)

ထိုဖမ်းဆီးမှုများမတိုင်မီ သီတင်းပတ်များစွာ အလိုတွင် သူတို့ အဖွဲ့မှ အခြားသူ ၂ ဦး ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ “သူတို့က ကျနော့်ကို ဖော်ခဲ့တယ်” ဟု သူကပြောသည်။ “ရဲတွေက ကျနော့် နာမည်ကို မသိဘူး၊ ဒါပေမယ့် ကျနော့်လိုမျိုး လုပ်နေတဲ့ လူတယောက် ရှိတယ်ဆိုတာ သူတို့သိတယ်။” လုံခြုံရေးတပ်ဖွဲ့များက သူ့ နောက်ကို လိုက်နေကြသည်ဟု သူက ယုံကြည်သည်။ အကျိုးဆက်အနေဖြင့် တနေရာမှ တနေရာသို့ မကြာခဏ ပြောင်းရွှေ့နေရပြီး သူငယ်ချင်းများနှင့် အတူ နေရလေ့ ရှိသည်။ ဧပြီလ အတွင်းတွင် သူက အိမ်ယာဝင်းတခု အတွင်းမှ တိုက်ခန်းတခန်းတွင် ရှိနေစဉ် ရဲအဖွဲ့က ထိုအိမ်ယာ ဝင်းကို ရောက်စီးနင်း၍ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ သူပုန်းအောင်းနေသည့် တိုက်ခန်းမှာ ရဲအဖွဲ့က မရှာဘဲ ကျော်သွားသည့် တခုတည်းသောနေရာ ဖြစ်သည်။ သူ့အနေဖြင့် မကြာခဏ ထိတ်လန့်တုန်လှုပ်နေရပြီး ပန်းချီဆွဲခြင်း၊ ကဗျာရေးခြင်းနှင့် တရားထိုင်ခြင်း တို့ဖြင့် မိမိကိုယ်ကို အေးဆေးတည်ငြိမ်အောင် ကြိုးစားရသည်။

တွန့်ဆုတ်မှု အချို့ နှင့်အတူ သူရိန်က အကြမ်းဖက် နည်းလမ်း အသုံးပြုရေး ခေါင်းစဉ်သို့ ပြန်လည်ရောက်ရှိလာသည်။ သူနှင့် သူ၏ လျှို့ဝှက်လုပ်ဖော်ကိုင်ဖက်များက ထိုကဲ့သို့သော နည်းလမ်းများကို ပြုလုပ်ရန် စိတ်မဝင်စားကြဟု သူက အခိုင်အမာ ပြောသည်။ “ကျနော်တို့က သူတို့ (သူ့အဖွဲ့၏ ပစ်မှတ်များ) ထွက်သွားဖို့ကိုပဲ အမြဲတမ်း ကြိုးစားပါတယ်။ သူတို့ ထွက် မသွားမှသာ နောက်တဆင့်ကို လုပ်တာပါ။” သူက ခဏရပ် လိုက်ပြီးနောက် “ကျနော်တို့ လုပ်ခဲ့တာ တကြိမ်ပဲ ရှိပါတယ်” ဟု ဆက်ပြောသည်။

အနီးအနားမှ မြို့နယ်တခုတွင် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံများကို ဦးတည်သော သူလျှိုကွင်းဆက် တခုကို ဦးဆောင်နေသူတဦး ရှိသည်ဟု သူရိန်က ပြောသည်။ ထိုသူက စစ်တပ်နှင့်ရဲတပ်ဖွဲ့သို့ သတင်း အချက်အလက်များ ပေးခဲ့ပြီး အနည်းဆုံးလူ ၁၀ ဦး သေဆုံးရကာ အခြားသူများ ဖမ်းဆီးခံခဲ့ရသည်။ “အဲဒီမြို့နယ်က လူတွေ အရမ်းကြောက်ခဲ့ရတယ်” ဟု သူက ပြန်ပြောပြသည်။ ထိုပစ်မှတ်တွင် သက်တော်စောင့်များ ရှိသော်လည်း သူရိန်နှင့် အဖွဲ့က သူလျှိုဟု သံသယရှိသောသူနှင့် နီးစပ်သူ တယောက်ထံမှ သတင်းအချက်အလက်များကို အသုံးပြု၍ အစောင့်များကို ရှောင်ရှားရန် နည်းလမ်းတခု တွေ့ရှိခဲ့သည်။ အဖွဲ့ဝင် ၂ ဦးက အနီးသို့ ကပ်၍ သူ့ကို သတ်ပစ်ခဲ့သည်။

“လက်နက်နဲ့လား” ဟု ကျနော်က မေးသည့်အခါ “လက်နက်နဲ့ မဟုတ်ဘူး” ဟု သူရိန်က ပြန်ဖြေသည်။ “ သူ ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒီလိုပဲ ပျောက်သွားတယ်။ ကျနော်တို့ကလည်း နာမည်မယူဘူး။ ကျနော်တို့ ဘယ်တော့မှ နာမည်မယူဘူး။ ကျနော်တို့အဖွဲ့က တစ္ဆေ အဖွဲ့တခုပါ။”

အလောင်းကို ပျောက်ကွယ်သွားအောင် လုပ်ရန် ခက်ခဲခဲ့ပါသလား။ “အဲဒါ မရှုပ်ထွေးပါဘူး” ဟု သူက ဆိုသည်။ “အလွန်ရိုးရှင်းပါတယ်။ ကျနော် မပြောချင်ဘူး။ ”

ထိုစစ်ဆင်ရေးနှင့် ပတ်သက်၍ သူရိန်က “လုပ်ကြံသတ်ဖြတ်ခြင်းက အစွန်းရောက်ပါတယ်။ ကျနော်တို့က အစွန်းရောက် တွေ မဟုတ်ပါဘူး။ ဒီထက်ပိုပြီး နာကျင်စရာ မရှိတော့ပါဘူး။ ကျနော်က စီးပွားရေး သမား တယောက်၊ ကော်ပိုရိတ်အတိုင်ပင်ခံ တယောက်ပါ။ ဒါပေမယ့် ကျနော်တို့က တော်လှန်ရေးထဲမှာ ရောက်နေတဲ့အခါ ကျနော်တို့ မလုပ်ချင်ပေမယ့် ကျနော်တို့ လုပ်ရမယ့် အရာတွေ ရှိပါတယ်။ အဲအတွက် ကျနော် စိတ်မချမ်းသာပါဘူး။ အဲဒါကိုတော့ ခင်ဗျားတို့ သိထားသင့်ပါတယ်” ဟု ပြန်လည်သုံးသပ်သည်။

ထို့နောက် ဝမ်းနည်းမှုများ ပါဝင်သည့် အသံဖြင့် ထပ်ပြောသည်။ “ ကျနော်က စစ်အစိုးရ လက်အောက် ကြီးပြင်းလာခဲ့ရတယ်။ ကျနော်တို့ နောက်ကြောင်း ပြန်မသွားချင်ဘူး။ ကျနော်က စီးပွားရေးလုပ်ငန်း ၃ ခု ပိုင်ရှင်ပါ။ ကျနော်နဲ့ တခြားပြည်သူတွေက အရင်က အမှောင်ခေတ်ကို ပြန်မသွားချင်ကြဘူး။ ကျနော်တို့ရဲ့ မျှော်လင့်ချက်အတွက် ကျနော်တို့ တိုက်ပွဲဝင်နေတယ်။ ခင်ဗျားတို့က ခင်ဗျားတို့ တိုင်းပြည်မှာ ရှိနေတာ ကံကောင်းတယ်။ ကျနော်တို့ကတော့ တိုက်ရဦးမယ်။”

(အမေရိကန် သတင်းဌာန Mother Jones ၏ ဝါရှင်တန်ရုံးခွဲ ဌာနမှူး David Corn ရေးသားသော An Assassination in Myanmar…and Preparing for a Civil War ကို ဘာသာပြန်ဆိုသည်။)

Monday, May 24, 2021

Business War

 

မြန်မာနိုင်ငံသည် ကြီးစွာသော စီးပွားရေးနှင့် လူသားရေးရာ ကပ်ဘေးကြီးများကို ရင်ဆိုင်နေရသည်။ တိုင်းပြည်ရှိ အဆင်းရဲဆုံးနှင့် ထိခိုက်နစ်နာရန် အလွယ်ဆုံးသူများအတွက် အကာအကွယ်၊ အထောက်အပံ့များ ဖန်တီးပေးရန် အရေးပေါ် လိုအပ်နေသည်။ ထိုသို့ ကူညီကာကွယ် ထောက်ပံ့ရာတွင်လည်း အာဏာရှင်စနစ် အမြစ်တွယ်သွားရန် မဖြစ်ဖို့ အထူးသတိပြုရန် လိုအပ်သည်။

ဤအကျပ်အတည်းကို ဖြေရှင်းရင်း မြန်မာနိုင်ငံ၏ အလွန်အမင်း မညီမျှသော၊ လူနည်းစုသာ အမြတ်ကြီးစားနိုင်သည့် နိုင်ငံရေးအခြေပြုစီးပွားရေးစနစ်ကိုလည်း အသွင်ပြောင်းပစ်နိုင်ဖို့လည်း အလွန်အရေးကြီးလှသည်။ ဤသည်မှာ ဒီမိုကရေစီအတွက် လိုအပ်သည့် အပြောင်းအလဲဖြစ်သည်။ လွတ်လပ်ပြီး ပို၍ ညီမျှတိုးတက်သည့် လူ့အဖွဲ့အစည်းကို ထူထောင်ရေးအတွက် အဓိကသော့ချက်လည်း ဖြစ်သည်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ရမည်မှာ မှန်သော်လည်း ဒီမိုကရေစီတစ်ခုတည်းသည် မလုံလောက်ပေ။ နောင်လာမည့်လများတွင် ခေါင်းဆောင်မျိုးဆက်သစ်တစ်ခု ပေါ်ထွန်းလာလိမ့်မည်။ အများစုက မြန်မာ့နိုင်ငံရေး၏ အချက်အချာကို လူမျိုးရေးအခြေပြု အမျိုးသားရေးမဖြစ်စေလိုကြတော့ဘဲ လူမျိုးရေး၊ ဘာသာရေးများကို ကျော်လွန်နိုင်မည့် မိတ်ဖွဲ့သစ်များ ဖြစ်ပေါ်လာရန် လိုလားကြသည်။ ဤသည်ကို ကြိုဆိုသင့်သည့်အပြင် အနာဂတ်တွင် အောင်မြင်မှုရရှိနိုင်ရေး အတွက်လည်း အဓိကကျသည်။ ဆင်းရဲချမ်းသာကွာဟမှု၊ မဖွံ့ဖြိုးမှု၊ ထိခိုက်နစ်နာလွယ်သူများကို ကာကွယ်မှုတို့ကိုလည်း အလေးထား စဉ်းစားကာ မနက်ဖြန်တွင် ပို၍ မျှတသည့် နိုင်ငံရေးအခြေပြုစီးပွားရေးကို ပြန်လည် ဖန်တီးပုံဖော်နိုင်ရန် အထူးအရေးကြီးပေသည်။

May 2021 | Myanmar Now

Friday, May 21, 2021

ပြည်သူတွေ စိတ်နာလာပြီဆိုရင် " မောင်ဖုန်းတောင် "

 စိတ်နာသွားရင် မလုပ်ရဲတာ မရှိတော့ဘူး
===================

စစ်ကား ချောက်ထဲကျပြီး သေကြတယ်ဆိုတဲ့ Post တွေ့တော့ မောင်ဖုန်းတောင် ကို
ပြေးသတိရ လိုက်တယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ နဲ့ သီပေါကြားမှာ
မောင်ဖုန်းတောင် ဆိုတာရှိပါတယ်။( ကားဆရာ အများပေးထားတဲ့တောင်ပါ)

၁၉၅၉ - ၁၉၆၀ ခုနှစ် ဝန်းကျင် လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက် လေးတခုပေါ့

မောင်ဖုန်းလို့ ခေါ်တဲ့ ကားဒရိုင်ဘာ နှင့် စပါယ်ယာ မောင်းနှင်လာတဲ့ကားကို ကျောက်မဲမှာ ထမင်းစား နားနေတုန်း

စစ်ကြောင်းတစ်ခုက စစ်ကြောင်းမှူးက မောင်ဖုန်းကားကိုချောဆွဲရာမှ စတယ်လို့ပြောရမှာပေါ့

ကားဆရာ မောင်ဖုန်းနှင့် သူ့ စပါယ်ယာ နှစ်ယောက်တို့က ကျောက်မဲမှာ ထမင်းစားနားနေတုန်း

စစ်ကြောင်း တခု က စစ်ကြောင်းမှူး က " ခင်ဗျားကားကို ကျုပ်တို့ချောဆွဲတယ်" " ကျုပ်တို့ သွားရမဲ့နေရာ လိုက်ပို့ရမယ် " ဆိုပြီး သေနပ်ထောက် အမိန့်ပေးခိုင်းစေတယ်

ကားဆရာကလည်း " ဗိုလ်ကြီးရယ် ထမင်းစားတုန်း မို့ခဏလေး စောင့်ပါ" လို့ပြောပါတယ်

စစ်ကြောင်းမှူးက " ကျုပ်တို့ကအချိန်မရဘူး မြန်မြန်စား" လို့ပြောတယ်

ကားဆရာကလည်း "အချိန်မရရင် တ ခြားကားနဲ့သွား " ဖို့ပြောလိုက်တယ်

"မင်းကဘာကောင်မို့လို့လဲ " ဆိုပြီး ဆဲဆိုပြီး ထမင်းစား နေတဲ့ကားဆရာ မောင်ဖုန်းကို ပါးထရိုက် ပြီးရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံ ခဲ့တယ်

အဲဒီ ကစပြီး ကားဆရာမောင်ဖုန်းနဲ့့့စစ်ကြောင်းမှူးတို့ပြဿနာ ဖြစ်ပီး ကားဆရာ ဟာ
စစ်သားတွေအပေါ် စိတ်နာပြီး မကျေမလည်နဲ့ ခရီးဆက်ခဲ့ကြတယ်။

ခရီးထွက်ခါနီး ကားဆရာက သူ့ရဲ့စပယ်ယာဖြစ်သူကိုတော့ ဟွန်းသုံးချက်တီးပြီး အချက်ပေးတဲ့ နေရာရောက်ရင် ကားပေါ်ကနေ ခုန်ဆင်း ဖို့တခါထဲ မှာကြားထားတယ်။

ဒါကြောင့် ကားဆရာက သီပေါနဲ့ကျောက်မဲ ကြား အဲဒီတောင်ထိပ်က
အကွေ့ အဆင်းမတ်စောက်တဲ့နေရာ အရောက်မှာ စပယ်ယာကို အချက်ပြတဲ့အနေနဲ့ ဟွန်းသုံးချက်တီးပြီး ကားကိုချောက်ထဲမောင်းချလိုက်တော့တယ်

စပယ်ယာ ခုန်ဆင်းတာကို လှမ်းဆွဲလိုက်တဲ့ စစ်သားတစ်ယောက်
ကလည်း ပြုတ်ကျပြီး ကျန်ခဲ့လို့အသက်ရှင်ကျန်ခဲ့တယ်။
ကား ရယ် မောင်ဖုန်း နှင့် ကားနောက်ခန်းက စစ်သားတွေကတော့ ချောက်ထဲကျပြီး
သေဆုံး သွားခဲ့ပါတယ်

ခုတော့ အဲ့နားလေး မှာ အရံအတား လေးရယ် စေတီလေး တစ်ဆူ တည်ထား တာ ကို ရှမ်း ပြည်နယ် မြောက်ပိုင်း
ဖြတ်သွားတိုင်း မြင်တွေ့ကြရမှာပါ။

ကျနော်လည်း မောင်ဖုန်းတောင်နားရောက်တိုင် လေးစားဂုဏ်ပြု
သော အားဖြင့် ကားဟွန်းသုံးချက်တီး ပြီး ဆုတောင်းသတိရ အမျှဝေပါတယ်။
ပြည်သူတွေ စိတ်နာလာပြီဆိုရင်
အဲ့လိုတွေ ဖြစ်လာတတ်ပါတယ်။

ခုလဲ ပြည်သူတွေ မင်းတို့ကို စိတ်နာလှပြီ။ သိကြဖို့ပါ။

မူရင်းရေးသားသော Post အား Edit လုပ်ထားပါသည်။
အရေးတော်ပုံအောင်ရမည်

Credit :  #CJ22222 @ 21-May
t.me/YgnCH01