TOTAL ဘယ်သူသေသေ ငတေမာရင်ပြီးရောလား
နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေဟာ အကျိုးအမြတ်များဖို့သေချာတဲ့ ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းရဲ့ စာချုပ်ပါ စည်းမျဉ်းသတ်မှတ်ချက်တွေကို အသုံးချပြီး အကျိုးအမြတ်ကို ဆယ်စုနှစ်နဲ့ချီ လက်တစ်ဆုံးထိ နှိုက်ယူသွားတဲ့ဒဏ်ကို မြန်မာနိုင်ငံက ခံခဲ့ရပါတယ်။
ပေါက်ကြားလာတဲ့ ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းရဲ့ ဘဏ္ဍာရေး စာရွက်စာတမ်းတွေကို Justice for Myanmar အဖွဲ့က လေ့လာသုံးသပ်တဲ့အခါ ဒီမသမာမှုရဲ့ ကြီးမားတဲ့ဆက်နွယ်ပတ်သက်မှုတွေဟာ ဖုံးဖိလို့မရအောင် ထွက်ပေါ်လာပါတယ်။
TOTAL နဲ့ သူ့ရဲ့စီးပွားဖက်ကုမ္ပဏီတွေဟာ ရတနာစီမံကိန်းကသဘာဝဓါတ်ငွေ့ကို ပိုက်လိုင်းကတဆင့် ထိုင်းနိုင်ငံကို တင်ပို့ရောင်းချရာကနေ မယုံနိုင်စရာ များပြားလှတဲ့ အမြတ်အစွန်းတွေ ရနေတာကိုလည်း တွေ့ခဲ့ရ ပါတယ်။ ပိုက်လိုင်းတွေလည်ပတ်တင်ပို့ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်းမှာ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံခြားကုမ္ပဏီတွေအတွက် အကျိုးအမြတ် ဒေါ်လာသန်းရာပေါင်းများစွာကို ရယူခွင့်ပေးခဲ့ပါတယ်။ တကယ်တမ်း အကျိုးအမြတ်တွေကို ခံစားခွင့်ရှိသူတွေဟာ မြန်မာနိုင်ငံသားတွေသာ ဖြစ်သင့်ပါတယ်။
အကျိုးအမြတ်မယူတဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ Distributed Denial of Secrets (DDoS) ဝက်ဘ်ဆိုက်ကတဆင့် ဖွင့်ထုတ်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းတွေ ပေါက်ကြားမှုကနေ Justice for Myanmar က အခုလေ့လာသုံးသပ်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်အခြေစိုက် သတင်းစာကြီး တစ်ခုဖြစ်တဲ့ Le Monde ကလည်း ဒီအကြောင်းအရာကို ရေးသားဖော်ပြခဲ့ပါတယ်။
ဘဏ္ဍာရေးမှတ်တမ်းပေါက်ကြားမှု အထောက်အထားအရ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အခွန်မဆောင်မီ အမြတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၂၃၀ (သန်းပေါင်းတစ်ထောင့်နှစ်ရာ့သုံးဆယ်) အထိ အင်မတန်များပြားတဲ့ အမြတ်ကိုရခဲ့ပါတယ်။ သို့သော်လည်း ကုန်ကျစားရိတ်အနေနဲ့ ဒေါ်လာ ၂၂ သန်းကျော်သာ ရှိခဲ့ပါတယ်။
ဒီလို အရင်းအနှီးထက် ၉၇ ရာခိုင်နုန်းအထိ အဆပေါင်းများစွာ ပိုမိုအမြတ်ထွက်မယ့် အခြေအနေမျိုးကို အခြားကုမ္ပဏီတွေအနေနဲ့ မမျှော်မှန်းနိုင်သလို၊ သာမာန်အားဖြင့် ဘယ်လိုမှလည်း မဖြစ်နိုင်ပါဘူး။ TOTAL ရဲ့ တရားဝင် အစီရင်ခံစာတွေ နိုင်းယှဉ်ကြည့်တဲ့အခါမှာ ဒီပိုက်လိုင်းအတွက် ဓါတ်ငွေ့ထုတ်လုပ်ပေးတဲ့ လုပ်ကွက်တွေကနေ ရတဲ့အမြတ်က ၁၃ ရာခိုင်နုန်းပဲ ရှိနေပါတယ်။
Chevron အပါအဝင် ရတနာ သဘာဝဓါတ်ငွေ့ လုပ်ကွက်တွေကို ပိုင်ဆိုင်တဲ့ TOTAL ရဲ့ စီးပွားဖက်တွေဟာ ပိုက်လိုင်းတွေကိုလည်း အတူတကွပိုင်ဆိုင် ကြပါတယ်။ အဲဒီတော့ ပိုက်လိုင်းစီမံကိန်းအတွက် မတန်တဆ များပြားတဲ့ အမြတ်တွေကို ရဖို့အတွက် ကိုယ့်ဘာသာကိုယ် ပြန်ပေးတဲ့သဘော သက်ရောက်စေတာပါ။ ဘယ်လက်ကနေ ညာလက်ကို ပြန်ပေးတဲ့သဘော ဖြစ်နေပါတယ်။
ဒီလိုမျိုး စီးပွားရေးလုပ်ငန်းတစ်ခုတည်းရဲ့ မတူညီတဲ့လုပ်ငန်းခွဲ (၂) ခုကို ပိုင်ရှင်အုပ်စု တစ်ခုတည်းက ပိုင်ဆိုင်ထားတဲ့အခြေအနေမှာ လုပ်ငန်းတစ်ခွဲ တစ်ခုက၊ အခြားလုပ်ငန်း တစ်ခုထက် ယုတ္တိမရှိလောက်အောင် အဆမတန် အမြတ်တွေကွာခြား နေပြီဆိုရင်တော့ ဒါဟာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု မရိုးမသားဖြစ်နိုင်တယ်ဆိုတဲ့ သတိပေးချက်ပဲ ဖြစ်ပါတယ်။
Le Monde သတင်းစာက ကိုးကားဖော်ပြတဲ့ ရေနံ၊ ဓါတ်ငွေ့ စာချုပ်ဆိုင်ရာ ကျွမ်းကျင်သူအဆိုအရ ''အမြတ်တွေအားလုံး တဖက်စောင်းနင်း ပိုက်လိုင်းနဲ့ သယ်ယူပို့ဆောင်ရေးဘက်ကိုရောက်နေပြီ ဆိုကတည်းက အခွန်အခပေးရတာ နည်းအောင် တမင်လုပ်နေတယ်လို့ သေချာပေါက် ပြောနိုင်ပါတယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားမှု မြောက်တယ်လို့တော့ အတိအကျ မပြောနိုင်သေးဘူး။ ရိုးရိုးရှင်းရှင်းပြောရရင်တော့ ပုံမှန်သာဆိုရင် သဘာဝဓါတ်ငွေ့ သယ်ယူပို့ဆောင်မှုအတွက် ပေးရတဲ့အခွန်အခက ထုတ်လုပ်မှုအတွက် ပေးရတာထက် ပိုနည်းတယ်လေ..''
Justice for Myanmar အနေနဲ့ ထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်တွေအပေါ် TOTAL အနေနဲ့ ပြန်လည် ရှင်းလင်းလို့ ရပါလျက်နဲ့ TOTAL ဘက်က ဘာမှ မတုန့်ပြန်ခဲ့ပါ။ သို့သော်လည်း Le Monde က သတင်းထောက်ကို ပြန်လည်ဖြေကြားရာမှာ ရတနာ သဘာဝဓါတ်ငွေ့ စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အဆက်ဆက်နေနဲ့ ၁၉၉၀ ခုနစ်ဝန်းကျင် စစ်အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေအတိုင်း ဆက်လက်လုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
TOTAL က ပြင်သစ် သတင်းထောက်ကို မပြောပြခဲ့တာကတော့ အဲဒီအချိန်တုန်းက အကျင့်ပျက်ခြစားတဲ့ စစ်ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံကို အာဏာရှင်အဖြစ် အုပ်ချုပ်နေပြီး သဘာဝဓါတ်ငွေ့ကနေရလာတဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံရပ်ခြားမှာ လူမသိအောင် ခိုးဝှက်သိမ်းဆည်းဖို့ကိုသာ ပိုစိတ်ဝင်စားနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ သူတို့ အာဏာတည်မြဲရေးအတွက် ကုမ္ပဏီတွေဆီက အမြတ်ငွေ အထောက်အပံ့သာ ရနေမယ်ဆိုရင် ကိုယ့်နိုင်ငံ ထိခိုက်နစ်နာနေပါလား၊ ကာကွယ်ဖို့ လိုနေပါလားဆိုတာကို စိတ်မဝင်စားဘူး ဖြစ်နေတယ်ဆိုတာ TOTAL က မရှင်းပြခဲ့ပါဘူး။
နိုင်ငံရပ်ခြား ဘဏ်အကောင့်တွေရဲ့
လျှို့ဝှက် အပေးအယူများ
လျှို့ဝှက် အပေးအယူများ
စစ်ဗိုလ်ချုပ်တွေက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို နှစ်ပေါင်း ၂၀ ကျော် ထိန်းချုပ်ခံခဲ့ရတဲ့ အခြေအနေမှာ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နဲ့ နိုင်ငံတကာကုမ္ပဏီအကြား ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခတွေဆိုတာက နိုင်ငံရပ်ခြား လျှို့ဝှက်ဘဏ်စာရင်းတွေကတဆင့် ငွေအပေးအယူလုပ်နေတဲ့ ကွန်ရက်ကြီးတစ်ခုလုံးရဲ့ အစိတ်ပိုင်း သေးသေးလေး တစ်ခုပဲ ဖြစ်ပါတယ်။
သယံဇာတတူးဖော်ထုတ်လုပ်မူ လေ့လာသူတွေရဲ့ ခန့်မှန်းချက်အရ နိုင်ငံခြားရေနံကုမ္ပဏီက နှစ်စဉ် ပေးဆောင်ရမယ့် အမေရိကန်ဒေါ်လာ သန်းဂဏန်းကို ကင်းလွတ်ခွင့်ရအောင် စစ်ဗိုလ်ချုပ်တွေက ကြံဖန်ပေးခဲ့တယ်လို့ ပြောနေစဉ်မှာပဲ နိုင်ငံပိုင်ဘဏ်မှာ အခြားငွေစာရင်း ခေါင်းစဉ်နဲ့ အပ်နှံထားတဲ့ MOGE ရဲ့ ပွင့်လင်းမှုမရှိတဲ့ ဒေါ်လာသန်းပေါင်း ထောင်ဂဏန်းဟာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပါတယ်။
မပွင့်လင်းတဲ့အထဲ ပိုရှုပ်စေတာက မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ဟာ သူကြီးကြပ်စစ်ဆေးရမယ့် ရတနာ သဘာဝဓါတ်ငွေ့ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ပိုက်လိုင်းလုပ်ငန်းတွေမှာ TOTAL ၊ Chevorn တို့နဲ့ အတူတူ ရင်းနှီးမြှုပ်နှံ ပိုင်ဆိုင်သူဖြစ်နေတာပါပဲ။
အဲဒီတော့ ပိုက်လိုင်းတွေကနေ အလွန်များပြားတဲ့ အခွန်အခတွေ ပေးဖို့အတွက် MOGE ရဲ့ သဘောထားမပါဘဲနဲ့ လုပ်လို့မရဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရတယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ မြန်မာနဲ့ TOTALချုပ်ဆိုထားတဲ့ မူရင်းစာချုပ်အရ ပိုက်လိုင်းခ ပေးရတာ များလေလေ၊ နိုင်ငံတော်ကရတဲ့ အကျိုးအမြတ်ရတာ နည်းလေလေ ဖြစ်ပါတယ်။
မြန်မာစစ်တပ်က ဒေသခံတွေကို လက်နက်နဲ့ခြိမ်းခြောက် အဓမ္မလုပ်အားပေး ခိုင်းစေပြီး တည်ဆောက်ခဲ့တဲ့ ပိုက်လိုင်းတည်ဆောက်မှု ကုန်ကျငွေအတွက် အရင်းကျေခဲ့ပြီးတာ ကြာပါပြီ။ ဒါကြောင့် ပိုက်လိုင်းခ ဆိုတာက လုံးဝနီးပါး အသားတင်အမြတ်ဖြစ်ပြီး အများစုကိုတော့ TOTAL နဲ့ နိုင်ငံခြားကုမ္ပဏီတွေက ရနေပါတယ်။ မြန်မာပြည်သူတွေကတော့ ဓါတ်ငွေ့ရောင်းချမှုကနေ ရသင့်ရထိုက်တဲ့ အမေရိကန်ဒေါ်လာ သန်းရာဂဏန်းကို နှစ်ပေါင်း ၂၀ ကျော် ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်။
Le Monde သတင်းစာကို TOTAL ကပြောတာကတော့ ရတနာ သဘာ၀ ဓါတ်ငွေ့ထုတ်လုပ်မှုနဲ့ ပိုက်လိုင်း စီမံကိန်းတွေအတွက် ကုန်ကျစားရိတ် ပြန်နှုတ်ယူတဲ့နေရာမှာ မတရားယူခဲ့တာမရှိဘူးလို့ဆိုပါတယ်။
ဒါပေမယ့် TOTAL ကပြောတာမှန်မမှန် သီးခြားလွတ်လပ်တဲ့ စစ်ဆေးအတည်ပြုဖို့ မဖြစ်နိုင်သလောက်ပါပဲ။ အဲဒီအချက်အလက်တွေက TOTAL နဲ့ သူ့စီးပွားဖက်တွေ လက်ထဲမှာပဲရှိပြီး အများပြည်သူ ကြည့်ရှုခွင့် မရနိုင်တဲ့အတွက် ဖြစ်ပါတယ်။
တကယ်လို့များ မုတ္တမဓါတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ အချက်အလက်တွေသာ မပေါက်ကြားလာခဲ့ဘူး ဆိုရင် ဒီလို အလွန့်အလွန် အရေးပါတဲ့ ပိုက်လိုင်းကိစ္စနဲ့ ငွေကြေးမသမာမှုကို အများပြည်သူအနေနဲ့ ဘယ်တော့မှ သိခွင့်ရမှာ မဟုတ်တာသေချာပါတယ်။
အခုတလောလေးမှာပဲ TOTAL ရဲ့ အမူဆောင်အရာရှိချုပ်က လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို ပုံမှန်ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ သို့သော်လည်းပဲ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ်နဲ့ ဘယ်လောက်ထိထဲထဲဝင်ဝင် ဆက်စပ်နေတယ် ဆိုတာကိုတော့ မပြောသွားပါဘူး။
Justice for Myanmar အနေနဲ့ TOTAL က အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ပေးဆောင်နေတဲ့ အခွန်အခအားလုံးကို ချက်ချင်းရပ်တန့်ပြီး မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီအစိုးရတစ်ရပ် မပေါ်ပေါက် လာသေးသရွေ့ လုံခြုံတဲ့ ငွေစာရင်းတစ်ခု ဖွင့်လှစ်ပြီး အပ်နှံသိမ်းဆည်း ပေးထားဖို့ တောင်းဆိုလိုက်ပါတယ်။ ပြည်သူ့သယံဇာတ ပြည်သူ့ပြန်ပေးပါ။ ပြည်သူ့ဘဏ္ဍာ ပြည်သူ့ပြန်ပေးပါ။
ပုံ - Total Sponsors Military Coup
#WhatsHappeninglnMyanmar #Myanmar #MyanmarCoup #JusticeForMyanmar
===== 22222 =====
t.me/GenYconnect
t.me/YgnCH01
===== 22222 =====
t.me/GenYconnect
t.me/YgnCH01


No comments:
Post a Comment