Wednesday, May 5, 2021

“ စစ်ကျွန်ပညာရေးကို ပြန်လည်အသက်မသွင်းနဲ့”

 

အစ်မဝမ်းကွဲတစ်ယောက်က ကျွန်တော့်ကို အကူအညီလှမ်းတောင်းပါတယ်။ သူ့သမီးကို ကျောင်းသွားတက်ဖို့ပြောတာ ပြောမရလို့တဲ့။ သူ့သမီး(ကျွန်တော့်တူမ)က “ဘာကိစ္စကျောင်းသွားတက်ရမှာလဲ။ စစ်ကျွန်ပညာရေးကို မသင်ချင်ဘူး။ သူများတွေ အသက်ပေးပြီးတောင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတာ။ ကျောင်းတက်ရမှာ လိပ်ပြာမလုံဘူး။ သူတို့လက်ထက်မှာ လုံးဝကျောင်းမတက်ဘူး ” ပြောလို့တဲ့။
ကျွန်တော်လည်း အစ်မကို “ကလေးရဲ့ဆုံးဖြတ်ချက်ဟာ အင်မတန်မှန်ကန်တဲ့အတွက် သူ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့” ပြောလိုက်ပါတယ်။ အစ်မလုပ်သူက ဘာပြန်ပြောသလဲဆိုတော့
“ ကိုဗစ်ကြောင့်လည်း တစ်နှစ်အောက်ပြီးပြီ။ အခုစစ်တပ်က အာဏာသိမ်းလို့ တစ်နှစ်ထပ်အောက်ရမယ်ဆိုရင် ပညာရေးနှောင့်နှေးကုန်လိမ့်မယ်။ နောက်ဆုံးနှစ်ရောက်နေပြီဖြစ်တဲ့အတွက် ကျောင်းသွားတက်ပြီး မြန်မြန်ဘွဲ့ရသွားတော့ မကောင်းဘူးလား။ လုပ်ငန်းခွင်စောစောဝင်တော့ ပိုကောင်းတာပေါ့” ဆိုပြီး ပြန်လည်ချေပပါတယ်။
ကျွန်တော့်အစ်မအပါအဝင် ကျောင်းသားမိဘ/အုပ်ထိန်းသူတွေကို ကျွန်တော်အကြံပေးချင်တာက ဘယ်ကိစ္စမဆို ရေတိုကို မကြည့်ကြပါနဲ့။ ရေရှည်ကို ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ပြီးတော့ ကိုယ့်သားသမီးအနာဂတ်ကို ကိုယ်တိုင်ဖျက်ဆီးတဲ့ သမိုင်းတရားခံတွေ မဖြစ်ကြပါစေနဲ့ ။
ကိုယ့်သားသမီးကို ကျောင်း အပ်သင့်/ မအပ်သင့် ၊ တက်ခိုင်းသင့်/ မတက်ခိုင်းသင့် သို့လော သို့လော ဖြစ်နေတဲ့ ကျောင်းသားမိဘတွေ အနေနဲ့ ကျွန်တော်သုံးသပ်ပြမယ့် အချက်အလက်လေးတွေကို သေချာဖတ်ပေးကြပါ။ ပြီးတော့မှ စဉ်းစားဆုံးဖြတ်ကြပါ။ 
 
(၁) ပြည်သူအများစုက အကြမ်းဖက်စစ်ကောင်စီကို တစ်စက်မှအသိအမှတ်မပြုကြပါဘူး။ သူတို့လက်အောက်မှာ တစ်စက်မှမနေလိုကြပါဘူး။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ကျရာကဏ္ဍကနေ တော်လှန်နေကြပါတယ်။ သူတို့အုပ်ချုပ်ရေးယန္တရားမလည်ပတ်စေဖို့ အစွမ်းကုန်တိုက်ပွဲဝင်နေကြပါတယ်။ ဒီလိုအနေအထားမှာ ကိုယ့်သားသမီးကို ကျောင်းတက်ဖို့ အတင်းတိုက်တွန်းနေရင်၊ ကျောင်းသွားအပ်ရင် ကိုယ်ဟာ အဓမ္မဝါဒီကို ထောက်ခံသူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။
နောင်တစ်ချိန်မှာ ကျောင်းပြီးတဲ့ခုနှစ်ကို မေးလိုက်တိုင်း ၂၀၂၁ ခုနှစ်ဆိုရင် ကိုယ့်ကလေးကို လူတွေဝိုင်းကြည့်တဲ့အကြည့်ဒဏ်၊ ပတ်ဝန်းကျင်ရဲ့အထင်မြင်သေးမှုကို တစ်သက်လုံးခံသွားရမှာဖြစ်ပါတယ်။ အဲဒီ့အချိန်မှာမှ နောင်တရရင် အလကားပါပဲ။ ပြန်ပြင်ဆင်ခွင့် မရှိတော့ပါဘူး။ ကိုယ့်သားသမီးရဲ့ အနာဂတ်ကို ကိုယ်ကိုတိုင် မဖျက်ဆီးကြပါနဲ့။ ဘွဲ့တံဆိပ်တွေထက် လူသားဂုဏ်သိက္ခာ(Human Dignity) ဟာ ပိုပြီးအရေးကြီးတယ်ဆိုတာ နားလည်နိုင်ကြပါစေ။
 
(၂) ကျောင်းစောစောပြီးတိုင်း၊ လုပ်ငန်းခွင်စောစောဝင်တိုင်း ဘဝအနာဂတ်အတွက် ပိုကောင်းတယ်ဆိုတဲ့ အယူအဆ (concept) ဟာ လုံးဝလွဲမှားပါတယ်။ ဘာလို့လဲဆိုတော့ ဘဝဆိုတာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမဟုတ်လို့ပါဘဲ။ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင် တာထွက်စောဖို့ အရေးကြီးပါတယ်။ သို့သော် ဘဝဆိုတာ မီတာ ၁၀၀ အပြေးပြိုင်ပွဲ မဟုတ်ပါဘူး။ တာတိုပြေးပွဲမဟုတ်ပါဘူး။
ဘဝဆိုတာ မာရသွန်ပြိုင်ပွဲကြီးနဲ့ အလားသဏ္ဍန်တူပါတယ်။
မာရသွန်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင် တာထွက်စောခြင်း/ မစောခြင်းဟာ သိပ်အရေးမပါတော့ပါဘူး။ လမ်းခရီးမှာ လုံလောက်တဲ့ကြံ့ခိုင်မှု၊ ဉာဏ်ရည်ဉာဏ်သွေး၊ နည်းစနစ်၊ ဇွဲ့လုံလ တွေကသာ ပိုပြီးအရေးကြီးတာဖြစ်ပါတယ်။
ကျောင်းစောစောပြီးတိုင်း ဘဝမှာမအောင်မြင်နိုင်ပါ။ ကျွန်တော့် ကိုယ်တွေ့အတွေ့အကြုံကို မျှဝေခြင်းဖြစ်ပါတယ်။ တချို့ ကျွန်တော့်ထက်စောပြီး ကျောင်းပြီးသွားပါတယ်။ လုပ်ငန်းခွင်ဝင်နေကြပါတယ်။ ဒါပေမယ့် အခုအချိန်ထိ အဆင်မပြေသေးတဲ့သူတွေ အများကြီးပါပဲ။ ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေကြရသူတွေ၊ ရုန်းကန်နေရသူတွေ အများကြီးပါပဲ။ တချို့ ကျွန်တော့်နောက်မှ ကျောင်းပြီးတယ်။ လုပ်ငန်းခွင်ဝင်တာ နောက်ကျတယ်။ ဒါပေမယ့် ကိုယ့်ထက်တောင်ပိုပြီး ဘဝမှာ အထိုင်ကျနေကြပါပြီ။ အဆင်ပြေနေတာကို တွေ့ရှိရပါတယ်။
အဲဒီ့တော့ ငါ့သား/ငါ့သမီးလေးကို အတန်းနောက်မကျအောင်၊ ကျောင်းစောစောပြီးအောင်ဆိုတဲ့ စေတနာအမှားမျိုး မလုပ်မိကြပါစေနဲ့။ 
 
(၃) အခု တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းပိုက်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူခိုး၊လူလိမ်၊ လူယုတ်မာတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီ့လူယုတ်မာတွေကို ထောက်ခံပြီး၊ သူတို့အမိန့်ကိုနာခံပြီး ပညာသင်ပေးကြမယ့် ဆရာ/ဆရာမတွေဟာလည်း လူယုတ်မာအားပေးတဲ့ ပညာတတ်အောက်တန်းစားတွေ ဖြစ်ကြပါတယ်။ အဲဒီ့လို မိမိတို့အကျိုးစီးပွားတစ်ခုသာရှေးရှုပြီး အဓမ္မဝါဒီဘက်ကရပ်တည်တဲ့ အောက်တန်းစားတွေလက်ထဲ ကိုယ့်ကလေးရဲ့အနာဂတ်ကို ပုံအပ်လိုက်ကြမှာလား။ ဆရာဆိုတဲ့ ကျင့်ဝတ်ကို မစောင့်စည်း၊ တရားမျှတမှုဆိုတာတောင် နားမလည်တဲ့၊ နားလည်နိုင်စွမ်းရှိသော်လည်း အမှန်တရားဘက်ကရပ်တည်ဖို့ သတ္တိမရှိတဲ့ အောက်တန်းစားတွေဆီက မကောင်းတဲ့အမူအကျင့်တွေ ကိုယ့်ကလေးတွေကို အမွေပေးကြတော့မှာလား ။
 
(၄) ကိုယ်ကိုနှိုက်က စစ်ကျွန်ပညာရေးစနစ်မှာ ဘာတွေသင်ခဲ့ရသလဲဆိုတာ မေ့သွားကြပြီလား မေးပါရစေ။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့နေနေသာသာ ကိုယ်ရတဲ့ဘွဲ့တောင် လူကြားထဲ ရဲရဲဝံ့ဝံ့မပြောရဲကြတဲ့သူတွေ အများကြီးပါပဲ။ မြန်မာစာနဲ့ကျောင်းပြီးတဲ့သူက မြန်မာလိုစာစီစာကုံး မရေးတတ်တာတွေ၊ အင်္ဂလိပ်စာနဲ့ကျောင်းပြီးထားသူက အလုပ်မလျှောက်ခင်မှာ အင်္ဂလိပ်စာအခြေခံ (၃)လပြတ်သင်တန်း တက်ခဲ့ရတာတွေ၊ ကွန်ပျူတာနဲ့ကျောင်းပြီးထားတဲ့သူက လုပ်ငန်းခွင်မဝင်ခင်မှာ ရုံးလုပ်ငန်းသုံးကွန်ပျူတာသင်တန်းကို တိတ်တိတ်လေး ခိုးတက်ခဲ့ရတာတွေ။ ပြောရရင် အများကြီးပါပဲ။
ဘယ်လောက်များ နာကြည်းစရာကောင်းလိုက်သလဲ။ ဘယ်လောက်များ ခံပြင်းဖို့ကောင်းလိုက်သလဲ။ အဲဒီ့လို ကိုယ်ကိုနှိုက်က ဖျက်ဆီးခံပညာရေးစနစ်အောက်မှာ ကြီးပြင်းခဲ့ရတာကိုတောင် အမှတ်မရှိဘဲ ကိုယ့်သားသမီးတွေကို ကိုယ့်လို ထပ်အဖြစ်ခံကြဉီးမှာလား ။
 
 
(၅) ကိုယ်က ကိုယ့်ကလေးပညာရေး၊ ကျောင်းထားဖို့အရေးတွေ (တစ်ကိုယ်ကောင်းဆန်စွာ) ကြံစည်/တွေးတော လုပ်ကိုင်နေကြချိန်မှာ တချို့မိဘတွေမှာ ကျောင်းထားစရာကလေးတွေ မရှိကြတော့ပါဘူး။
 
 
 
 
(၆) ဒီလူယုတ်မာ စစ်အာဏာရှင်တွေကိုသာ အနိုင်တိုက်နိုင်ခဲ့ရင်၊ အရေးတော်ပုံသာ အောင်မြင်ခဲ့ရင် ကျွန်တော်တို့အားလုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ အရင်လို လုပ်ကိုင်စားသောက်နိုင်မှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကိုသာ အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့ရင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အောက်မှာ လူ့အခွင့်အရေးတွေ အပြည့်အဝ ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်အတန်းမီတဲ့ပညာရေးကို ကျွန်တော်တို့မျိုးဆက်သစ်ကလေးတွေ သင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။
 
(၇) ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု အသီးအပွင့်တွေ ဘယ်လောက်အထိအကျိုးကျေးဇူးများသလဲဆိုတာ အခုခေတ်လူငယ်တွေ/ Generation Z လေးတွေကိုပဲ ကြည့်ပါ။
GZ လေးတွေ ဘယ်လောက်တော်ပြီး၊ ဘယ်လောက်သတ္တိရှိကြသလဲဆိုတာ ကျွန်တော်တို့အားလုံးမျက်မြင်ပါပဲ။ လေးစားစရာအကောင်းဆုံးအချက်က ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်စွမ်းရှိသလို၊ အမှန်တရားအတွက် အသက်ကိုစွန့်ရဲတဲ့ သတ္တိပဲဖြစ်ပါတယ်။ သူတို့ဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ ဒီမိုကရေစီအရသာကို ၁၀ နှစ်တာလောက် မြည်းစမ်းခွင့်ရခဲ့ပြီးပါပြီ။ ဒါတောင် ဒီမိုကရေစစ်စစ် မဟုတ်သေးဘူးနော်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က စစ်တပ်ကပေးသလောက်ရတဲ့ ရွှေရည်စိမ်ဒီမိုကရေစီပါ။ ဒါတောင် ဘယ်လောက်ကောင်းတယ်ဆိုတာ ကလေးတွေ သိကြပါတယ်။
အဲဒါကြောင့်လည်း သူတို့လေးတွေဟာ သေမှာထက် ဒီမိုကရေစီဆုံးရှုံးမှာကို ကြောက်ကြတာဖြစ်ပါတယ်။ တိုင်းပြည်ကိုကယ်တင်နေကြတာ ဖြစ်ပါတယ်။ သူတို့လေးတွေဟာ ကျွန်တော်တို့ထက် ပိုတော်ကြပါတယ်။ ပိုသတ္တိရှိကြပါတယ်။ ပိုပြီး လေးစားစရာကောင်းပါတယ်။ သူတို့ရဲ့နောက်ပိုင်းမှာမွေးလာတဲ့ Generation Alpha လေးတွေဆိုရင် GZ တွေထက်တောင် ပိုတော်လာနိုင်ပါတယ်။ အခုတောင် လက်ဖျားခါလောက်တောင် တော်နေကြပါပြီ။ သတ္တိတွေရှိနေကြပါပြီ။
တိုင်းပြည်တိုးတက်ဖို့ဆိုရင် မျိုးဆက်တွေ မြင့်သွားဖို အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ထက် GZ တွေ ပိုတော်ကြပါတယ်။ GZ တွေထက် G Alpha တွေ ပိုတော်ရပါမယ်။ အဲဒီ့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။
မိဘ/အုပ်ထိန်းသူတွေအနေနဲ့လည်း သေချာစဥ်းစားဆုံးဖြတ်နိုင်ကြပါစေ။
မိုးခ
(4.5.2021)
7:10 PM

No comments:

Post a Comment