ပြင်သစ် စွမ်းအင် ကုမ္ပဏီကြီး Total အနေနဲ့ မြန်မာပြည်မှာ မတန်တဆ အမြတ်ရအောင်လုပ်နေတဲ့ လုပ်ရပ်ကို Le Monde သတင်းစာက ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး Total ဘက်ကလည်း လူသိရှင်ကြား တန့်ပြန်ခဲ့ ပါတယ်။ Total ရဲ့တုန့်ပြန်မှုမှာ Justice for Myanmar ကို ထည့်သွင်းပြောကြားထားတဲ့အတွက် အခုလို တုန့်ပြန်ရခြင်း ဖြစ်ပါတယ်။
Justice for Myanmar ရဲ့ တွေ့ရှိချက်တွေကို “Is Total Profiteering in Myanmar?” ဆိုတဲ့ခေါင်းစဉ်နဲ့ အင်တာနက်စာမျက်နှာပေါ် မတင်ခင်မှာ Total ကိုအရင်ပေးခဲ့ပါတယ်။ Total အနေနဲ့ တုန့်ပြန်ဖို့ အချိန် အလုံအလောက် ရပေမယ့်လည်း မတုန့်ပြန်ဘဲထားခဲ့ပါတယ်။ လေ့လာသုံးသပ်ချက်ကို မုတ္တမဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (Mottama Gas Transportaton Company – MGTC) ရဲ့ ပိုက်လိုင်းသွယ်တန်းပြီး မြန်မာကနေထိုင်းကို ဓာတ်ငွေ့တင်ပို့ရောင်းချတဲ့ လုပ်ငန်းအပေါ် အဓိကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
Distributed Denial of Secrets ကတဆင့် အကျိုးအမြတ်မယူသော ပွင့်လင်းမြင်သာမှုအစုအဖွဲ့ ကထုတ်ပြန် ခဲ့တဲ့ စာရွက်စာတမ်းပေါက်ကြားမှု အထောက်အထားတွေကို လေ့လာတဲ့အခါမှာ MGTC က ရနေတဲ့ အမြတ်အစွန်းဟာ မယုံကြည်နိုင်လောက်အောင် များလွန်းတာကို ရှင်းရှင်းလင်းလင်းတွေ့ရမှာ ဖြစ်ပါတယ်။
Total နဲ့ သူ့စီးပွားဖက်တွေဟာ စစ်တပ်နဲ့ပေါင်းပြီး ရတနာစီမံကိန်းတစ်ခုလုံးကို သေသေချာချာ ပြင်ဆင် တည်ဆောက်ထားလို့ ဒီလိုအမြတ်အစွန်းကြီးမားတာပါ။ အဲဒီအတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကတော့ အနှစ်နာခံ ပေးဆပ်လိုက်ရတာပေါ့။
ဘယ်လိုတွေတောင်လုပ်သွားလဲ?
ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုရင် MGTC ကို Total နဲ့ သူ့စီးပွားဖက်တွေကပိုင်ပါတယ်။ ဓာတ်ငွေ့တင်ပို့ ရောင်းချတဲ့အပေါ် သူတို့ယူထားတဲ့ အကျိုးအမြတ်ရပိုင်ခွင့် အချိုးအစားက မြန်မာနိုင်ငံရတဲ့အချိုးအစားထက် အများကြီး ပိုယူထားလို့ဖြစ်ပါတယ်။
Total ကတုန့်ပြန်တဲ့ အနေအထားကိုကြည့်ရင် အောက်မှာဖော်ပြထားသလို နားလည်နိုင်ပါတယ်..
၁။ MGTC ရဲ့အမြတ်အချိုးအစားအရမ်းမြင့်တာက ပိုက်လိုင်းရဲ့ သက်တမ်းကကြာပြီဖြစ်တဲ့အတွက် တည်ဆောက်မှုစားရိတ် အရင်းနှုတ်ဖို့မလိုတော့ဘူး.. ဒါကြောင့် အမြတ်များတာပါ။
၂။ ရတနာစီမံကိန်းတစ်ခုလုံး တနည်းအားဖြင့် ကမ်းလွန်ထုတ်လုပ်မှုအပိုင်းနဲ့ ပိုက်လိုင်းသွယ်တန်း ရောင်းချမှုအပိုင်း (၂) ခုစလုံး ခြုံကြည့်မယ်ဆိုရင် ရနေတဲ့အမြတ်က သဘာ၀ကျတဲ့ သာမာန်အနေအထားလို့ ပြောလို့ရပါတယ်။
၃။ စစ်အစိုးရပြီး နောင်အဆက်ဆက် တက်လာတဲ့ အစိုးရတွေကလည်း ရတနာကမ်းလွန်ထုတ်လုပ်မှုအပိုင်းနဲ့ ပိုက်လိုင်းသွယ်တန်းမှုအပိုင်း လုပ်ငန်း (၂) ခုကြား ကုန်ကျစားရိတ်နဲ့ အမြတ်အချိုးအစား ခွဲခြားသတ်မှတ်တာကို သဘောတူလက်ခံခဲ့တယ်လို့ဆိုပါတယ်။
Total ဘက်ကပေးတဲ့ ဆင်ခြေတွေကို ဒီလိုတုန့်ပြန်ချင်ပါတယ်…
၁။ ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ MGTC နဲ့ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) အကြား ချုပ်ဆို ထားတဲ့စာချုပ်အရ “တည်ဆောက်မှု အရင်းအနှီးအတွက် တစ်နှစ်လျှင် ၁၂.၅ ရာခိုင်နှုန်းပြန်လည် ခုနှိမ်ရမည်” လို့ ရေးထားတာကို အင်တာနက်မှာတွေ့ရပါတယ်။ ဖော်ပြချက်အတိုင်းသာ တွက်မယ်ဆိုရင် တည်ဆောက်မှု အရင်းအနှီးပြန်နှုတ်တာက (၈) နှစ်အကြာမှာ အရင်းကျေသွားပြီဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် လောက်ကတည်းက အရင်းကျေပြီးသား ပိုက်လိုင်းအတွက် MGTC ကနောက်ထပ်နှစ်ပေါင်းများစွာ ဆက်ပြီး (အနည်းဆုံး ၁၅ နှစ်) မတန်တဆ အမြတ်ယူနေတဲ့ကိစ္စကို Total ဘက်က တုန့်ပြန်ဖြေရှင်းသွားတာမျိုးကိုမတွေ့ရဘူး။
၂။ ရတနာစီမံကိန်း တစ်ခုလုံးရဲ့အမြတ်ဟာ သူ့လုပ်ငန်းသဘောအရ သာမာန်အခြေအနေလို့ ပြောသွားပေမယ့် လည်း အဲဒါကတကယ် မှန်၊ မမှန်ကို ဘယ်လိုမှ ဆန်းစစ်ကြည့်လို့ မဖြစ်နိုင်ဘူး။ စီမံကိန်းနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးအချက်အလက် အထောက်အထားတွေက Total နဲ့ သူ့စီးပွားဖက်တွေကလွဲရင် အများပြည်သူ လက်လှမ်းမှီ ရယူကြည့်ရှုခွင့် မရှိလို့ဖြစ်ပါတယ်။
Total ဘက်က MGTC နဲ့ ပတ်သက်တဲ့ စာရင်းဇယားတွေကို မြန်မာပြည်မှာလည်းကြည့်ရှုခွင့်ရှိပါတယ်လို့ပြော ပါတယ်။ လေ့လာမိသလောက်ကတော့ မရှိပါ။ ဒါကြောင့် Total အနေနဲ့ MGTC နဲ့ ပတ်သက်တဲ့အချက်အလက် တွေကို စိတ်ကြိုက်အခွန်ရှောင်လို့ရတဲ့ ဘာမျုဒါလိုကျွန်းနိုင်ငံလေးမှာ မဝှက်ထားဘဲ ကိုယ်ပြောတဲ့စကားနဲ့ အညီ မြန်မာပြည်သူ/သားတွေ ကြည့်ရှုနိုင်အောင် ချပြပေးဖို့ တောင်းဆိုပါတယ်။ Total အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ကိစ္စရပ်တွေအပြင်၊ အရင်စစ်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်ခဲ့တဲ့ စာချုပ်စာတမ်းနဲ့ အထောက်အထားအားလုံးကို အင်တာနက်မှာတင်ပေးပါ။
၃။ ၁၉၉၅ ခုနှစ် ကနေ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံကို လိမ်ညာလျှို့ဝှက်ပြီး အကျင့်ပျက်ချစားတဲ့ စစ်အာဏာရှင် အုပ်ချုပ်ခဲ့စဉ် ကာလတွေကတည်းက ရတနာ နဲ့ အခြားသဘာ၀ဓာတ်ငွေ့စီမံကိန်းတွေဟာ သန်းပေါင်းထောင်ချီတဲ့ ဒေါ်လာတွေကို စစ်တပ်လက်ထဲကို ရောက်ရှိစေခဲ့ပါတယ်။
အကျင့်ပျက်ချစားတဲ့ စစ်အာဏာရှင်နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ရတနာစီမံကိန်းရဲ့ စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်တွေဟာ ဘယ်လိုမှ မှန်ကန်မျှတမှုရှိမယ်လို့ မယူဆနိုင်ပါ။ ဒီလိုဖြစ်နိုင်ချေ အလားအလာ တွေကို စိုးရိမ်ပူပန်တဲ့အတွက် Justice For Myanmar အနေနဲ့ Total ကို တိုက်တွန်းတောင်းဆို နေတာ ဖြစ်ပါတယ်။ ဒီထက်ပိုအခြေခံကျတဲ့အချက်တစ်ခုက ရတနာရဲ့ ပိုက်လိုင်းစီမံကိန်းဟာ အခြားသာမာန် စီးပွားရေး လုပ်ငန်းတွေနဲ့ လုံး၀မတူပါဘူး။ ၁၉၉၀ ခုနှစ်မှ စတင်ခဲ့တဲ့ ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာစစ်တပ်ဟာ ဒေသခံလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ ကျုးလွန်ခဲ့တာကို စနစ်တကျမှတ်တမ်းတင်ထားတာတွေရှိနေပါတယ်။
ပိုက်လိုင်းတည်ဆောက်ပြီး စတင်လည်ပတ်ခဲ့တဲ့အချိန်ကစပြီး ရတနာစီမံကိန်းဆီက ဒေါ်လာတွေဟာ စစ်တပ်က နိုင်ငံရပ်ခြားမှာ လျှို့ဝှက်ထားရှိတဲ့ ငွေစာရင်းတွေဆီကိုထည့်ပေးနေခဲ့တာဖြစ်ပြီး ဒီနေ့အချိန်အထိ အဲဒီလျှို့ဝှက် ငွေစာရင်းတွေနဲ့ ပတ်သက်တာကို အများပြည်သူသိရှိခွင့်မရှိသေးပါ။ ဒီလို လျှို့ဝှက်လုပ်ဆောင်နေတာက အဂတိလိုက်စားမှုတွေဖြစ်ဖို့ ပံ့ပိုးပေးနေသလိုဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်မယ်ပြင်တာနဲ့ စစ်တပ်က အာဏာပြန်သိမ်းပြီး အဆုံးသတ်သွားတာဖြစ်ပါတယ်။
အခုလည်းပဲ မြန်မာနိုငံသူ/သားတွေပိုင်တဲ့ သယံဇာတကရတဲ့ ဘဏ္ဍာငွေအမြောက်အများဟာ အကျင့်ပျက်ရုံမက ရက်စက်ကြမ်းတမ်းတဲ့ စစ်ဗိုလ်ချုပ်တွေကနေတဆင့် စစ်တပ်ရဲ့ ဘဏ္ဍာရေးတွင်းနက် ကြီးထဲကို ဝင်သွား ပါတော့မယ်။ Total နဲ့ သူ့စီးပွားဖက်တွေဟာ ဒါကိုကောင်းကောင်းသိရဲ့ သားနဲ့ သူတို့အကျိုးစီးပွားတစ်ခုတည်းကို ကြည့်ပြီး စစ်တပ်နဲ့ပူးပေါင်းပြီး ငွေကြေးထောက်ပံ့မှုဆက်ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် Justice for Myanmar အနေနဲ့….
- Total က တရားမဝင် အာဏာသိမ်းစစ်တပ်ကို ငွေကြေးထောက်ပံ့နေတာ အားလုံးချက်ချင်းရပ်ပါ။ မြန်မာပြည် ဒီမိုကရေစီမရမချင်း ဒီဘဏ္ဍာငွေတွေကို ကာကွယ်ထားတဲ့ ငွေစာရင်းမှာ ထားပါ။
- Total အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်ကတည်းကနေ အခုအချိန်ထိ လုပ်ဆောင်ထားတဲ့ စာချုပ်စာတမ်းနဲ့ ငွေစာရင်းတွေအပါအဝင် လျှို့ဝှက်စီးပွားရေးအပေးအယူကိစ္စအားလုံး အများပြည်သူကိုချပြဖို့ တောင်းဆို လိုက်ပါတယ်။
08-May 2021 | Justice For Myanmar
Source :https://www.facebook.com/justiceformyanmar.org/photos/a.112041640488379/316646636694544/



No comments:
Post a Comment